ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၂၄)ကြိမ်မြောက် ရိုးရာထမနဲထိုး ပြိုင်ပွဲ ကျင်းပ

ပြည်  ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး မဟာဗောဓိရင်ပြင်တော်၌ ယနေ့နံနက်ပိုင်းက (၂၄)ကြိမ်မြောက် ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပသည်။

ဦးစွာ ပြိုင်ပွဲဒိုင်ချုပ် ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က ပြိုင်ပွဲစည်းကမ်းချက်များကိုရှင်းလင်းပြောကြားပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးက မင်္ဂလာမောင်တီး၍ ပြိုင်ပွဲစတင်ဖွင့်လှစ်သည်။

ထို့နောက် ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပရာ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဝေယျာဝစ္စအသင်း အဖွဲ့ (၆)ဖွဲ့နှင့် ဂေါပကဝန်ထမ်းများအဖွဲ့ (၁)ဖွဲ့တို့ ပါဝင်ယှဥ်ပြိုင်ကြပြီး ယင်းပြိုင်ပွဲဝင်အဖွဲ့များ၏ ထမနဲလက်ရာများကို ဒိုင်အဖွဲ့ဖြင့် အမှတ်ပေးရွေးချယ်ကာ ဆုရအသင်းများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ပြိုင်ပွဲမှ ထမနဲများကို တပို့တွဲလပြည့်နေ့နံနက်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ထမနဲအရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ရင်ပြင်တော်ကျားပျံဓမ္မာရုံ၌ ဘုရားဖူးလာပြည်သူများအား စတုဒီသာကျွေးမွေးလှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)