ရန်ကုန် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုက အမှာစကားပြောကြားသည်။ ယင်းနောက် ပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ပြပွဲနှင့် လှပသာယာ ပြည်မြန်မာ ဓာတ်ပုံပြခန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပညာပေးပြခန်း၊ ကြက်ခြေနီတပ်ဖွဲ့၏ ပညာပေးပြခန်းများ၊ မြန်မာ့ရိုးရာသနပ်ခါးပြခန်း၊ မီးသတ်တပ်ဖွဲ့ပညာပေးပြခန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ပညာပေးပြခန်းများ၊ ယာဥ်ထိန်းရဲ ပညာပေးပြခန်းများ၊ စာအုပ်စာစောင်ပြခန်းများ၊ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ စာပေစကားဝိုင်းဆွေးနွေးပွဲ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများနှင့် စာအုပ် အရောင်းဆိုင်ရာ ရောင်းချနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ ကျောင်းသား ၊ ကျောင်းသူများက ကပြဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ အလှူငွေလှူဒါန်းပေးအပ်ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက လက်ခံရယူပြီး စာပေဟောပြောမည့် စာရေးဆရာ မောင်ခြိမ့်အား တာ၀န်ရှိသူများက အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ကြသည်။ ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပွဲတော်အတွက် အလှူရှင်များက အလှူငွေများအား ပေးအပ်လှူဒါန်းရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ စာရေးဆရာ မောင်ငြိမ့်က "စာဖတ်ခြင်း၏ အကျိုးကျေးဇူး"အကြောင်းဟောပြောပြီး ခရိုင်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်တွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများ နှင့်ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
သက်လွင်စိုး (ပြန်/ဆက်)