ပြင်ဦးလွင် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျှက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စားဖွယ် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေ လေ့လာခြင်းများကိုခရီးသွားများ ပိုမိုစိတ်ဝင်တစားလာရောက် လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းစီစဉ်ကျင်းပသော ပြင်ဦးလွင် ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ် ၂၀၂၆ ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ပြင်ဦးလွင်ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပသည်။
ဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အမှာစကားပြောကြားပြီး စက်ဘီးစီးနင်းသူများကို ခရိုင်အားကစားကွင်းအတွင်းမှ စတင်တာလွတ်ပေးသည်။ အဆိုပါ စက်ဘီးစီးအဖွဲ့သည် သတ်မှတ်လမ်းကြောင်းဖြစ်သည့် မန္တလေး - လားရှိုးလမ်းအတိုင်း စီးနင်းထွက်ခွာလာပြီး ရပ်ကွက်ကြီး ၂၁ ၊ မိုးကြိုး(အ.ထ.က) တွင် ပြန်လည်လူစု၍ နားနေခြင်းများပြုလုပ်ပြီး မိုးကြိုး(အ.ထ.က) မှ သိမ်အင်းကျေးရွာအထိ၊ သိမ်အင်းကျေးရွာ မှ ပွဲကောက်ရေတံခွန်သို့ မရောက်မီ လမ်းဘေးဝဲ/ယာရှိ စိုက်ခင်းများ၊ ရှု့ခင်းများတွင် ဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ကာ သတ်မှတ်လမ်းကြောင်းအတိုင်း ပွဲကောက်ရေတံခွန် ( BE.FALLS ) အပန်းဖြေစခန်းသို့ ဆက်လက်စီးနင်းထွက်ခွာခဲ့ကြသည်။
အဆိုပါ စီတန်း၍ ဝင်ရောက်လာသော စက်ဘီးစီးသမား ၃၇၀ ကျော် အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ နှင့် တာဝန်ရှိသူများမှ အမှတ်တရ ဆုတံဆိပ်များ နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ပြီးနောက် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။
ခရိုင် ( ပြန်/ဆက် )