ကလိန်အောင် ဖေဖော်ဝါရီ ၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ဘောလုံးကွင်း၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ စုပေါင်း၍ စီစဉ်ကျင်းပသည့် မြန်မာ့ရိုးရာဓလေ့တစ်ခုဖြစ်သည့် တပို့တွဲလထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ထမနဲထိုးပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးဝင်းဇော်မှ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းချက်များအကြောင်းကို အမှာစကား ပြောကြားသည်။
ထို့နောက် ထမနဲထိုးပြိုင်ပွဲဝင်မည့် ပြိုင်ပွဲဝင်အသင်း (၇) သင်းများက စတင်၍ ထမနဲထိုးစဉ် ပြိုင်ကြရာ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်းများမှ လည်လှည့်ကြည့်ရှုအားပေးကြပြီး ပထမဆုရရှိသောအသင်းကို ဆုငွေ (၇) သိန်းကျပ်၊ ဒုတိယဆု (၅) သိန်းကျပ်၊ တတိယဆု (၄) သိန်း၊ နှစ်သိမ့်ဆုလေးဆုကို (၂) သိန်းခွဲကျပ်စီဖြင့် တာဝန်ရှိသူ အသီးသီးများက ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ ကလိန်အောင်မြို့ အမှတ် (၄၁၀) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးသန်းဇော်ဦး၊ အမှတ် (၄၀၉) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး ဝင်းမင်းဦး၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ခင်ခင်လဲ့