စွယ်တော်မြတ်စေတီ(မန္တလေး)၌ ပထမအကြိမ်  မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

အမရပူရ ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူထားသော စွယ်တော်မြတ်စေတီ(မန္တလေး)၌ ယမန်နေ့ ညနေပိုင်းအချိန်က ပထမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အဖွင့်အမှာကားပြောကြားခဲ့သည်။ ထို့နောက် စွယ်တော်မြတ်စေတီ(မန္တလေး)၏ ဂေါပကဥက္ကဋ္ဌ ဦးစန်းယုက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒိုင်အဖွဲ့မှ အမှတ်ပေးစည်းမျဥ်းများကို ပြောကြားပြီး ပြိုင်ပွဲကိုစတင်ခဲ့သည်။ ပြိုင်ပွဲစသည်နှင့် ပြိုင်ပွဲဝင်အသင်း ၂၀ သင်းက မီးများစတင်မွှေးကြပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယှဥ်ပြိုင်ခဲ့ကြသည်။ ယှဥ်ပြိုင်မှုကို အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အမှတ်ပေးဒိုင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ပြိုင်ပွဲဝင်ချိန် ၄၅ မိနစ် သတ်မှတ်ပေးခဲ့ပြီး စည်းမျဥ်းစည်းကမ်းနှင့်အညီဆုများကို ရွေးချယ်ခဲ့ရာ ပထမဆုကို  အမရပူရမြို့နယ် ပညာရေးမိသားစုကလည်းကောင်း၊ ဒုတိယဆုကို ပုညကာရီ ဝတ်ပြုအသင်း(ဂျိုကျေးရွာ)ကလည်းကောင်း၊ တတိယဆုကို ရွှေကိုင်းမောင် (မန်ကျည်းကိုင်းကျေးရွာ)ကလည်းကောင်း အသီးသီးရရှိခဲကြောင်း သိရသည်။

စိုးသီဟ(အမရ)