ပြည် ဖေဖော်ဝါရီ ၁
ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နှစ်စဉ် တပို့တွဲလပြည့်နေ့ နံနက် အရုဏ်တက်ချိန်တိုင်း ကျင်းပမြဲဖြစ်သည့် (၁၀၂)ကြိမ်မြောက် ညံရိုးမီးပူဇော်ပွဲကို စေတီတော်တောင်ဘက်စောင်းတန်း "ဝလေးလုံး"စေတီတော်အနီး၌ ယနေ့နံနက် ၄ နာရီက စည်ကားသိုက်မြိုက်စွာကျင်းပရာ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
ညံရိုးမီးပူဇော်ပွဲတွင် ဘုရားဖူးလာရောက်သူများသည် စေတီတော်မြောက်ဘက်စောင်းတန်းရှေ့၌ ကျေးလက်တောင်သူများကိုယ်တိုင် လာရောက်ရောင်းချပေးလျက်ရှိသော ပြည်မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် အလေ့ကျပေါက်ရောက်သည့် ဒေသထွက် ညံရိုးပင်များဖြင့် ပူဇော်ပွဲကျင်းပရာနေရာရှိ ယာယီအုတ်စီကန်အတွင်း ညံရိုးပင်များထည့်၍ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ညံရိုးမီးများ ပူဇော်လှူဒါန်းကြပြီး ကောင်းကျိုးလိုရာဆန္ဒများ ဆုတောင်းကြသည်။ အဆိုပါဘုရားဖူးလာပြည်သူများကို ရွှေဆံတော်ဝေယျာဝစ္စအသင်းအဖွဲ့များက စေတီတော်ပုညကရဏဓမ္မာရုံရင်ပြင်တော်၌ ထမနဲများဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးကြသည်။
ညံရိုးမီးပူဇော်ပွဲသည် ချမ်းအေးလွန်းလှသည့် ဆောင်းရာသီတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်အား အလင်းဓာတ်နှင့် အနွေးဓာတ်လှူဒါန်းသည့်အနေဖြင့် ရည်ရွယ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ညံရိုးမီးပူဇော်ခြင်းဖြင့် ဥာဏ်အမြော်အမြင်ကြီးမားခြင်း၊ ထိုးထွင်းဥာဏ်ကောင်းမွန်ခြင်းနှင့် ဆုတောင်းပြည့်ဝခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ဒေသခံများက လက်ခံယုံကြည်ကြကာ အဆိုပါညံရိုးမီးပူဇော်ပွဲကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ပြည်မြို့တစ်မြို့တွင်သာ ထူးခြားစွာ နှစ်စဥ်ကျင်းပလာခဲ့သည်မှာ (၁၀၂)ကြိမ်မြောက် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ညံရိုးမီးပူဇော်ပွဲသည် ပြည်မြို့၏ ထူခြားလှသည့် ဘာသာရေးဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)