ပင်လုံ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ၊ ပင်လုံမြို့၌ တည်ထားကိုးကွယ်တော်မူသော မဟာရဌာဘိသာမဂ္ဂီစေတီတော်၏ (၁၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်အတွင်း ကျင်းပသည်။
ဦးစွာ ဆရာတော်သံဃာတော်များက ဗုဒ္ဓဘိသေကအနေကဇာတင်လှူကြသည်။ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်သည်။ ယင်းနောက် စေတီတော်အတွင်း ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်များအား ရွှေကြာသင်္ကန်း ဆက်ကပ်ပြီးနောက် ပင်လုံမြို့ နောင်ကွတ်ကျောင်းတိုက်ဆရာတော်ထံမှကိုးပါးသီလ ခံယူဆောက်တည်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လွိုင်လင်မြို့ ရတနာစည်စာသင်တိုက်ဆရာတော်က အနုမောဒနာတရားဟောကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ပြီးမြောက်ခဲ့သည်။ ဆက်လက်၍ ဆရာတော်သံဃာတော် (၁၃၅) ပါးအား နေ့ဆွမ်းဆက်ကပ်ပြီးနောက် မွန်းတည့် (၁၂) နာရီတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မိုး