ချမ်းမြသာစည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီးတွင် (၆၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယစာရေးတံမဲနှင့်တကွ ဆွမ်းတော်ကြီးလောင်းလှူပွဲကို ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့၊ ယနေ့နံနက်ပိုင်းက မဟာမုနိဘုရားကြီးဝန်းအတွင်းရှိ ဗုဒ္ဓဝင်ဗိမာန်ကွင်း၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးတို့က ပါဝင်လောင်းလှူခဲ့သည်။
မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ်အပါး ၁၁၀၀ တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးတို့က လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ လောင်းလှူခဲ့ပြီး မဟာမုနိရှပ်ရှင်တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီးများဖြင့် ကပ်လှူပူဇော်ကန်တော့ခဲ့ကြသည်။ ထို့နောက် ဘုရားကြီးထီးတော်တွင် တပ်ဆင်မည့် ရွှေခေါင်းလောင်းနှစ်ခုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဇနီးတို့ လှူဒါန်းမှုအား ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက သာဓုသုံးကြိမ် ရွတ်ဆိုခဲ့သည်။
အဆိုပါ မဟာမုနိဘုရားကြီးဝန်းအတွင်း ဘုရားဖူးလာသူများ စည်ကားများပြားနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်းထွန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည်၊ ပြန်/ဆက်)