ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်တွေ ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ရခိုင်ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြပြီး ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့မှ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက က ယနေ့ကျင်းပသော အခမ်းအနားသည် ဗဟိုမှချမှတ်သည့် မူဝါဒများနှင့် ရှေးလုပ်ငန်းစဉ်များ၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၏ ဖွဲ့စည်းပုံ၊ မရွေ့မပြောင်းနိုင်သည့် ပစ္စည်းများ၏ ပိုင်ဆိုင်မှု အထောက်အထားများ၊ အဆောက်အဦ ပိုင်ဆိုင်မှုများနှင့် ဘဏ္ဍာရေးစာရင်းများကို ပွင့်လင်းမြင်သာမှုရှိစေရန် ရှင်းလင်းတင်ပြသွားမည့် အခမ်းအနားဖြစ်ကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့သည် NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တဖက်တလမ်းမှ ကူညီဆောင်ရွက်နေသည့်အမျိုးသမီးများနှင့် သက်ဆိုင်သော စေတနာ့ဝန်ထမ်းလူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှု၊ အောင်မြင်တိုးတက်မှုများသည် ပြည်နယ်အတွင်းရှိသော ခရိုင်၊ မြို့နယ်များ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ်တွင် ရာနှုန်းပြည့်မူတည်ကြောင်း၊ လှုပ်ရှာမှုများ အသက်ဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့သည် တိုးတက်လာကာ တစ်နှစ်ထက်တစ်နှစ် ပိုမို၍ အောင်မြင်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြည်နယ်အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် အမျိုးသမီးရေးရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ရခိုင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၏ ဖွဲ့စည်းပုံ၊ ‌မြေနေရာနှင့် ရွှေ့ပြောင်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် ပိုင်ဆိုင်မှုအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ခရိုင်နှင့် မြို့နယ်  အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ Video Conference စနစ်ဖြင့် တက်ရောက်ကြသူများက မိမိတို့မြို့နယ်အလိုက် လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်က မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အနေဖြင့် သားဖွားခန်းဆိုင်ရာလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ၊ မူကြိုကျောင်းလုပ်ငန်းများကို ဗဟိုမှညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များအနေဖြင့် မိမိတို့ခရိုင်နှင့်မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြ ပေးကြရန် ပြောကြားသည်။ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးတို့က သားဖွားခန်းများ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အမျိုးသမီးငယ် များအတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများထိုးနှံပေးနေမှုနှင့် ဆက်လက်ထိုးနှံပေးမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဖွဲ့စည်းပုံ၊ ‌မြေနေရာနှင့် ရွှေ့ပြောင်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် ပိုင်ဆိုင်မှုအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေများအား ရှင်းလင်းတင်ပြသည်။ထို့နောက် ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ Video Conference စနစ်ဖြင့် တက်ရောက် ကြသူများက မိမိတို့မြို့နယ်အလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)

ဓာတ်ပုံ- ဝင်းမင်းစိုး