တိုက်ကြီးမြို့နယ် ဆည်တော်ဦးဆုတောင်းပြည့်စေတီတော်ရင်ပြင်‌တော်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

တိုက်ကြီး ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျားချောင်းကျေးရွာအုပ်စု ဆည်တော်ဦးဆုတောင်းပြည့်စေတီတော် ရင်ပြင်တော်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ထမနဲထိုးပြိုင်ပွဲဒိုင်အဖွဲ့ခေါင်းဆောင်မှ ပြိုင်ပွဲဝင်များအား အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားကာ ထမနဲထိုးပြိုင်ပွဲကို စတင်ကျင်းပသည်။ ထို့နောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား တိုက်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ ထမနဲထိုးပြိုင်ပွဲဒိုင်အဖွဲ့များက လိုက်လံကြည့်ရှု၍ အကဲဖြတ်အမှတ်ပေးသည်။ ဆက်လက်၍ မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရ တိုက်ကြီးခရိုင်နှင့် မြို့နယ်တရားရုံး၊ ဒုတိယဆုရ လိမ္မော်ခြံကျေးရွာအုပ်စု၊ တတိယဆုရ တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့နှင့် နှစ်သိမ့်ဆုရ ပြိုင်ပွဲဝင် ၁၄ ဖွဲ့တို့အား ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူများက အသီးသီး ချီးမြှင့်ပေးအပ်သည်။

အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင် စုစုပေါင်း ၁၇ ဖွဲ့တို့မှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲမှ ထမနဲများကို တပို့တွဲလပြည့်နေ့နံနက်တွင် ဆည်တော်ဦးဆုတောင်းပြည့်စေတီတော်၌ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ထမနဲအရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊  ဘုရားဖူးလာပြည်သူများအား စတုဒီသာကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)