သာစည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ဟင်းခွတ်အိုင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်သစ် အဆောက်အဦးရှေ့တွင် ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူးဦးလှထွန်းနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမြတ်သူနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်ပြီး အခမ်းအနားကို ကျင်းပရာ ကျောင်းသား/ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများ ပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် ဦးရဲလွင်က ကျေးဇူးတင်စကား ပြောကြားသည်။ ၎င်းနောက် ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများအား ကျောင်းဆောင်သစ်အား တာဝန်ယူဆောက်လုပ်ခဲ့သော ရွိုင်ရယ်မြဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းမိုးက မြို့နယ်ပညာရေးမှူးထံ ပေးအပ်သည်။
အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်မိရပ်ဖများက ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျောင်းဆောင်သစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဌာနငွေလုံးငွေရင်းရန်ပုံငွေဖြင့် အလျား ၁၁၀ ပေ၊ အနံ ၃၀ ပေ RC နှစ်ထပ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)