မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား ပဉ္စမအကြိမ်မြောက် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ဆက်ကပ်

မန္တလေး ဖေဖော်ဝါရီလ ၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပဉ္စမအကြိမ်မြောက် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲဆက်ကပ်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ ၁ ရက် (တပိုတွဲလပြည့်) နံနက် ၉ နာရီက အဆိုပါဘုရားတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌‌ရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် အဖွဲ့ဝင်များ၊ ကျောက်တော်ကြီးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ယက္ကန်းအဖွဲ့ ရှစ်ဖွဲ့နှင့် စက်ချုပ်အဖွဲ့တစ်ဖွဲ့တို့မှ ယက္ကန်းပညာရှင်များ၊ စက်ချုပ်ပညာရှင်များ၊ စေတနာရှင်အလှူရှင်များ၊ ဘုရားဖူးပြည်သူများတက်ရောက်ကြသည်။

အခမ်းအနားတွင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက ရွှေကြာသင်္ကန်းအား လက်ယာရစ်လှည့်ပတ်ပူဇော်ကြပြီး ရွှေကြာသင်္ကန်းတော်မြတ်ကြီးအား မဟာသကျမာရဇိန်ကျောက်တော်ကြီးရုပ်ပွားတော်မြတ်ကြီးသို့ ဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ၍အခမ်းအနားကိုရုတ်သိမ်းလိုက်ကြသည်။

ယနေ့တပိုတွဲလပြည့်နေ့တွင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာဦးကျော်ဝင်း ဇနီး ဒေါက်တာမြင့်မြင့်သန်း (မန်းမြေရာဇာ) မိသားစုက ကောက်ညှင်းဆန် (၁၃) အိတ်ဖြင့် ထမနဲထိုးကာ ဘုရားဖူးပြည်သူများအား နံနက် ၉ းနာရီမှ ည ၇ နာရီအထိ ထမနဲစတုဒီသာ ကုသိုလ်ပြုဧည့်ခံကျွေးမွေးကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)