ပေါင်းတည်မြို့၌ မြန်မာရိုးရာ ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပေါင်းတည် ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊‌ ပေါင်းတည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါထမနဲထိုးပြိုင်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထမနဲထိုးပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများနှင့် လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲယှဉ်ပြိုင်ကြရာ ဌာနဆိုင်ရာ အစုအဖွဲ့အသင်းများ၊ ရပ်ကွက်ပေါင်းစုံနှင့် အသင်းအဖွဲ့များ စုစုပေါင်း ၆ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်တို့က ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိအသင်းများအား အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေသား(IPRD)