မိုင်းယောင်းတွင် ဗုဒ္ဓပူဇနိယပွဲတော် ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မိုင်းယောင်း ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ပေါ်တော်မူဗုဒ္ဓရုပ်ပွားတော်များ ကိုးကွယ်ရာဖြစ်သော ပုဗ္ဗဝိဇယဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့သည်။

ဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက ဘဒ္ဒန္တဘဒ္ဒိယ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဆရာတော်၊ သံဃာတော်များထံမှ အနုမောဒနာတရား နာကြားသည်။

ထို့နောက် ပဋ္ဌာန်းတရားတော်နာကြားရန်အတွက် ဖိတ်ကြားထားသော နတ်ဗြဟ္မာတို့အား ပြန်လည်ပို့ဆောင်ပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှဝေခဲ့ကြသည်။

၎င်းနောက် (၁၅) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ သံဃဒါနဆွမ်းဆန် စိမ်း လောင်းလှူပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း