ရန်ကုန် ဖေဖော်ဝါရီ ၁
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ ၁၂၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တိရစ္ဆာန်ဥယျာဉ် ရန်ကုန်) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၏ ၁၂၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ထူးကုမ္ပဏီများအုပ်စုအကြံပေးပုဂ္ဂိလ် ဦးမြင့်ဆွေတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ထူးကုမ္ပဏီများအုပ်စုအကြံပေးပုဂ္ဂိလ်က ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် အဆိုတော် ဖိုးသောကြာနှင့် အေးမြဖြူတို့က တေးသီးချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၏ ရှင်းလင်းဆောင်တွင် ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)