မိုင်းတုံမြို့၌ ဓာတ်ပေါင်းစု‌အောင်ဓမ္မရွှေစေတီတော် ထီးတော်တင်ပွဲအခမ်းအနား ကျင်းပ

မိုင်းတုံ ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်၊‌ ရွှေစေတီကျောင်းဝန်းရှိ ရွှေစေတီဓမ္မသာလာဆောင်ပေါ်၌ တည်ထားကိုးကွယ်မည့် ဓာတ်ပေါင်းစု‌အောင်ဓမ္မရွှေစေတီတော်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် ထီးတော်တင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်၍  ရွှေစေတီကျောင်းတိုက် ဆရာတော်အရှင်ဝါယမကကိုးပါး သီလချီးမြင့်ခြင်း၊ ထီတော်ပင့်ဂါထာပင့်ဆောင်ခြင်း၊ ရွှေစေတီဓမ္မသာလာဆောင်ပေါ်၌ တည်ထားကိုးကွယ်မည့် ဓာတ်ပေါင်းစု‌ အောင်ဓမ္မရွှေစေတီတော်တွင် တပ်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နား‌တော်၊ ရွှေထီးတော်တို့ကို သံဃာတော်များအား ကပ်လှူပူဇော်ခြင်း၊ တည်ထားကိုးကွယ်ရာတွင် အမှားအယွင်းတစ်စုံတစ်ရာရှိပါက ခွင့်လွှတ်ပေးတော်မူနိုင်ရန် ဒကာ/ဒကာမများကိုယ်စား အခမ်းအနားမှူးမှ နတ်ဒေဝါများကို တောင်းပန်ခြင်း၊ ဓာတ်ပေါင်းစု‌အောင်ဓမ္မရွှေစေတီတော်တွင် တပ်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နား‌တော်၊ ရွှေထီးတော်များကိုပင့်ဆောင်လျက် ဘုရားထီတော်တင်ရန် ငြမ်းစင်ပေါ်တွင်နေရာယူ၍ ထီတော်အမြင့် ၁ ပေခွဲ၊ အချင်း ၁.၇ ပေကို စတင်လှူနိုင်ရန် ပင့်ဆောင်လျက်  မင်္ဂလာအချိန်ဖြစ်သည့် နံနက် (၉)နာရီအချိန်တွင် ထီးတော်ကို လှူဒါန်းပူဇော်သည်နှင့် သံဃာတော်အရှင်သူမြတ်တို့က “ဇယန္တေဗောဓိယာမူလေ”ဂါထာ ရွတ်ဆိုပူဇော်သည်။ ယင်းနောက်  ဗုဒ္ဓဘိသေကဘုရားနေကဇာတင်လှူ၍ အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးကာ ထီး‌တော်တင်ပြီးနောက် ရွှေစေတီကျောင်းတိုက် ဆရာတော်အရှင်ဝါယမထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာ‌တော်သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူပြီး လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆရာ‌တော်သံဃာတော်များအား ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုတ်သိမ်းခဲ့သည်။

ဝင်းဝင်းခိုင်( မြို့နယ်၊ ပြန်/ဆက်)