ရန်ကုန် ဖေဖော်ဝါရီ ၁
ရွှေတိဂုံစေတီတော်နှင့် မဟာဝိဇယစေတီတော်တို့၌ မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားများကို ယမန်နေ့ ညနေပိုင်းက အဆိုပါစေတီတော်များရှိ ဝန်းအတွင်း နေရာများ၌ ကျင်းပကြသည်။
ဦးစွာရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် (၁၈) ကြိမ်မြောက် မြန်မာရိုးရာ ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာဇာနည်လမ်းရှိ ထန်းပင်ကုန်း၌ ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်နှင့် ထမနဲလှူဒါန်းပွဲတော်ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ အလှည့်ကျသဘာပတိ ဦးကျော်ဇေယျက အဖွင့်မင်္ဂလာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ထမနဲလှူဒါန်းပွဲတော်ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ အလှည့်ကျသဘာပတိ ဦးကျော်ဇေယျနှင့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၀င်များက ထမနဲထိုးပြိုင်ပွဲကို ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထမနဲထိုးပြိုင်ပွဲဝင်အသင်းများအတွက် ဂုဏ်ပြုငွေများကို ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၀င်များထံ ပေးအပ်လှူဒါန်းပြီး ပြိုင်ပွဲ၀င်အသင်းပေါင်း (၃၆) အသင်းက ထမနဲယှဉ်ပြိုင်ထိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိကြကြသူများအား ပထမဆုငွေကျပ် ၁၂ သိန်း၊ ဒုတိယဆု ငွေကျပ် ၉ သိန်း၊ တတိယဆု ငွေကျပ် ၈ သိန်း၊ စတုတ္ထဆု ငွေကျပ် ၆ သိန်း၊ ပဉ္စမဆုငွေကျပ် ၅သိန်း၊ နှစ်သိမ့်ဆု သုံးဆုအတွက် ဆုငွေကျပ် သုံးသိန်းစီနှင့် ဆုအသီးသီးအတွက် ဆုကလပ်တစ်ခုစီတို့ကို ဂေါပကအဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်ကြသည်။
ယခုပြိုင်ပွဲမှရရှိလာသည့် ထမနဲများကို ရှင်တော်မြတ်ဘုရားနှင့် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်ခြင်း၊ ဘုရားအမှူးပြုသော သံဃာတော်များအား ထမနဲဆွမ်းတော်ကြီးလောင်းလှူခြင်း၊ အလှူရှင်များအား ဒါနပြုခြင်းနှင့် ခုနစ်ရက်သားသမီးများအား ဝေငှကုသိုလ်ပြုခြင်းတို့ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မဟာဝိဇယစေတီတော်၏ (၃၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် ထမနဲထိုးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အဆိုပါစေတီတော်ဝန်းဗဟိုမဏ္ဍပ်၌ ဆက်လက်ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များက (၃၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ထမနဲထိုးပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထမနဲထိုးပြိုင်ပွဲဝင်အသင်းများအတွက် ဂုဏ်ပြုငွေများကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များထံ ပေးအပ်လှူဒါန်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကိုယ်စားပြုအသင်းပေါင်း (၁၅) အသင်းက ထမနဲယှဉ်ပြိုင်ထိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)