ပုသိမ်ကြီး ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပထမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနမူလ အာဂုံစာပြန်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက သီရိမင်္ဂလာသရက်တောကျောင်းတိုက်ရှိ ရွှေရတနာဗိမာန်တာ်၌ ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ တိုင်းသံဃနာယက ဆရာတော် ဘဒ္ဒန္တဃောသိတ၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဥတ္တမ၊ စာမေးပွဲကျင်းပရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆရာတော်ဘဒ္ဒန္တစန္ဒနသာရနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ ပရိယတ္တိသာသနမူလ အာဂုံစာပြန်ပွဲသို့ ကြွရောက်တော်မူကြသည်။
အဆိုပါအာဂုံစာပြန်ပွဲတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ စာသင်ကျောင်းတိုက်များမှ ပထမဆင့် အာဂုံစာပြန်သည့် သံဃာ ၂၆၀ ပါး၊ ဒုတိယဆင့် အာဂုံစာပြန်သည့် သံဃာ ၈၄ ပါး၊ တတိယဆင့် အာဂုံစာပြန်သည့် သံဃာ ၁၅ ပါး၊ စုစုပေါင်း ၃၅၉ ပါးတို့ ကြွရောက်၍ အာဂုံစာပြန်ဆိုကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဗိုလ်မှူးဝေယံမင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အချိုရည်၊ ရေသန့်များ ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)