ရန်ကုန် ဖေဖော်ဝါရီ ၂
သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပခဲ့သော ဗုဒ္ဓပူဇနိယပွဲတော် ပဌာန်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ (၄) နာရီတွင် စေတီတော်ရင်ပြင်ရှုခင်းသာတန်ဆောင်း၌ ကျင်းပခဲ့သည်။
အစီအစဉ်အရ အခမ်းအနားအား ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စေတီတော်ဩဝါဒါစရိယ နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီးများအား ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးကြည်နှင့် အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်များက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာရေစက်ချတရားနာယူခဲ့ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော် (၃၆) ပါးတို့အား အလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ