ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ

ပဲခူး ဖေဖော်ဝါရီ

(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ မွန်တိုင်းရင်းသား/သူများက "မွန်တို့ဌာနေရာမညသီချင်းဖြင့် သီဆိုကပြ၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိရာ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများ မတူညီသော်လည်း မိသားစုစိတ်ဓါတ်ဖြင့် အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ်တွေကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ ဖော်ထုတ်ကျင်းပပေးလျက်ရှိသည့်အပြင် တိုင်းရင်းသားများ၏ စာပေဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မွန်တိုင်းရင်းသား/သူမျာအနေဖြင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြစေလို ကြောင်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ယင်းနောက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်တစ်ဦးက မွန်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း ပြောကြားခဲ့ပြီး မွန်ရိုးရာအကများဖြစ်သည့် တေးသီချင်းများဖြင့် ကပြဧည့်ခံဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်စိုးစိုးသက်တို့က မွန်တိုင်းရင်းသား ရိုးရာအကနည်းပြများအား ဂုဏ်ပြုပန်းခြင်းနှင့် ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြသည့် မွန်တိုင်းရင်းသား/ တိုင်းရင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်  ဒုတိယဥက္ကဋ္ဌ နိုင်ဝင်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က မွန်အမျိုးနေ့အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနေတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား တက်ရောက်လာကြသူများအား မွန်တိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)