စစ်တွေ ဖေဖော်ဝါရီ ၂
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့ တက်ရောက်ခဲ့သော ရခိုင်ပြည်နယ် ကိုယ်စားပြု လူငယ်များမှ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရသည် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) အား ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နိုင်ငံတစ်ဝန်းရှိ လူငယ်များ စုပေါင်းပါဝင် လာစေရန်နှင့် စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်များ ဖြစ်ပေါ်လာရန်အတွက် ငြိမ်းချမ်းရေးအသိမြှင့်တင်ပေး နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပပေးခဲ့ပြီး ဖိုရမ်ဆောင်ပုဒ် “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး” (Promotion Youth Participation in Peace and Nation-building) အတိုင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက အလေးထား ဆောင်ရွက်လျက်ရှိရာ လူငယ်များကိုလည်း ငြိမ်းချမ်းရေးကိစ္စများတွင် ပူးပေါင်းပါဝင်လာစေရန် လူငယ်များ၏ အကြံပြုချက်များ ပေါ်ထွက်လာစေရန် ဖိုရမ်ကိုကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အား သုံးရက်တာ ကာလအတွင်း ငြိမ်းချမ်းရေးမဟာဗျူဟာနှင့် သက်ဆိုင်သော အတွေ့အကြုံများ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးများနှင့် သက်ဆိုင်သော ဗဟုသုတများနှင့် စွန့်ဦးတီထွင်မှုနှင့် လူငယ်များ၏ အခန်းကဏ္ဍများ၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် သက်ဆိုင်သော လူငယ်ကဏ္ဍများအား တပ်မတော်အရာရှိကြီးများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ စွန့်ဦးတီထွင်လူငယ်ပညာရှင်များက ဟောပြောပို့ချ ဆွေးနွေးခဲ့ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသနှင့် ပဋိပက္ခဒဏ်ခံရသော ဒေသများမှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဝိုင်းဝန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်း၍ လူငယ်ကြေငြာစာတမ်းအား ကဏ္ဍ(၇)ချက်ဖြင့် ရေးဆွဲဖော်ထုတ်နိုင်ခဲ့ကြပြီး ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များအနေဖြင့် ဖိုရမ် ကာလအတွင်း တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြပြီး လှုပ်ရှားမှုတိုင်းတွင် ကောင်းစွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူရပါကြောင်း၊ ထို့ပြင် painting for Peace အစီအစဉ်၊ လူငယ်ငြိမ်းချမ်းရေး ဆိုင်ရာ အတွေးပုံရိပ် ပန်းချီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များက ပထမဆု၊ ဒုတိယဆုနှင့် နှစ်သိမ့်ဆုများရရှိခဲ့ပြီး ပြိုင်ပွဲ၌ ဆု (၇)ဆုပေး ရာတွင် (၃)ဆု ရယူနိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် လူငယ်များ၏ အရည်အသွေးများ၊ အတွေးအခေါ်များသည် ထူးချွန်ထက်မြက်ကြောင်း တွေ့ရသည့်အတွက်များစွာ ဝမ်းမြောက် ဂုဏ်ယူရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် သဟဇာတဖြစ်သော အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ဖော်ဆောင်ရာ၌ ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေးဆိုသည့်ဆောင်ပုဒ်နှင့်အညီ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး စိတ်ဓာတ် စည်းကမ်းကောင်းမွန်သော လူငယ်များ၏စွမ်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်၍ လူမှုသဟဇာတ ဖြစ်မည့် လူ့အဖွဲ့အစည်းကို ဝိုင်းဝန်းတည်ဆောက်သွားကြရန်ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက ဖိုရမ်သို့ တက်ရောက်ခဲ့မှုအခြေအနေအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဖိုရမ် သို့ တက်ရောက်ခဲ့သော ရခိုင်ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များက အတွေ့အကြုံများအား ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသော လူငယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) “ လူငယ့်အသံ လူငယ့်အားမာန်” ဗီဒီယိုကိုပြသပြီး အဆိုတော် J Fire ၏ National Peace သီချင်းအား ပြသသည်။ ထို့နောက် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) တွင် ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ်များ၏ လှုပ်ရှားမှု ဗီဒီယို၊ painting for Peace နှင့် ပတ်သက်၍ လူငယ်ကိုယ်စားလှယ်များ၏ အတွေ့ပုံရိပ် ပန်းချီများ၊ ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ် ကိုယ်စားလှယ်များ၏ လှုပ်ရှားမှု ဗီဒီယိုမှတ်တမ်းတို့ကို ပြသသည်။ ယင်းနောက် လူငယ် ကိုယ်စားလှယ်များက “ရခိုင်တို့မြေ လာခဲ့လေ” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) ကြေညာစာတမ်းအား ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များက ဖတ်ကြားတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး