ထားဝယ် ဖေဖော်ဝါရီ ၂
ထားဝယ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက ကြီးမှူးဖွင့်လှစ်သည့် ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ အခြေခံကကွက်နှင့် အကဟန်များ သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ တိုင်းရင်းသားလူမျိုးများ၏ဘာသာ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း၊အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်များကိုလေးစားလိုက်နာ၍ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့အခမ်းအနားသည်ယဉ်ကျေးမှုကဏ္ဍနှင့်ပတ်သက်၍ ပျောက်ပျက်မသွားအောင်၊ တည်မြဲနေအောင်ဆောင်ရွက်နေသည့်အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ဂုဏ်ဒြပ်နှင့်လူမျိုး၏အဆင့်အတန်းကိုဖော်ပြရာတွင်ယင်းနိုင်ငံလူမျိုးများ၏အနုသုခုမယဉ်ကျေးမှုအဆင့်အတန်းကို နှိုင်းယှဉ်ပြီးဖော်ပြကြကြောင်း၊ ထားဝယ်ရှေးခေတ်ရိုးရာယဉ်ကျေးမှုတို့သည် တစ်မူထူးခြားသော သုခုမပညာတစ်ရပ်ဖြစ်ကြောင်း၊ ထားဝယ်သူထားဝယ်သားများအနေဖြင့် ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အသုံးအနှုန်း၊ အဆိုအက၊ အတီးအမှုတ်၊ ဓလေ့ထုံးစံများအား မပျောက်ပျက်အောင် အခမ်းအနားများ၊ ပွဲလမ်းသဘင်များနှင့်လိုက်ဖက်စွာ ကပြ၊ သီဆို၊ ဝတ်ဆင်၊ သုံးနှုန်းကာ ရှေးအစဉ်အဆက်မှ ယနေ့တိုင်ထိန်းသိမ်းလာခဲ့သည်ကို တွေ့ရကြောင်း၊ ရှေးထားဝယ်ရိုးရာအက(၃)မျိုးရှိသည့်အနက် လွန်ခဲ့သောနှစ်ပေါင်း (၃၀၀)ခန့်ကစတင်ပေါ်ပေါက်ခဲ့သော“ရမ်းအက”ကို ပြိုင်ပွဲဝင်ခဲ့သည်များရှိပြီး နောင်လာ နောင်သားများအနေဖြင့် ပျောက်ပျက်မသွားအောင် ထိန်းသိမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ရှေးယခင်ကရှိခဲ့သော အကများကို ပြန်လည်ပေါ်ထွန်းလာအောင် ပညာရှင်များနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဝိုင်းဝန်းဆောင် ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ဘိုးဘေးအစဉ်အလာ လက်ဆင့်ကမ်းထိန်းသိမ်းသည့် ထားဝယ်ရိုးရာယဉ်ကျေးမှုအက ကကွက်နှင့် အကဟန်များမပျောက်ပျက်စေရေးအတွက် ထားဝယ်သူ/သားဒေသခံများက ဆက်လက်ပြီးကြိုးပမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသူများအား သင်တန်း ဆင်းလက်မှတ်ပေးအပ်ပြီး တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းဇော်မြင့်က သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ကာတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာက သင်တန်းဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှကူညီဆောင်ရွက်ပေးသော တာဝန်ရှိသူများအား ဂုဏ်ပြုလက်မှတ်ပေးအပ်သည်။
ဆက်လက်၍ ထားဝယ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌဦးတင့်လွင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)