တံတားဦး ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအတွက် အာဆီယံ+၃ အရေးပေါ်ဆန် အရန်ရိက္ခာ APTERR အစီအစဉ်နှင့် ကိုရီးယားထောက်ပံ့ဆန်(ဒုတိယအကြိမ်) ဝန်ထမ်းနှင့် မှီခိုသူများတွက် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက တံတားဦးမြို့စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် တံတားဦးမြို့နယ်တွင်း ငလျင်ဘေးဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်မှ ပထဆုံးအဆင့်အနေဖြင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆက်လက်၍ ထောက်ပံ့ရန်ကျန်ရှိသည့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် အဆောက်အဦများအား အကူအညီပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများက ငလျင်ဘေးသင့် ပြည်သူများ၊ ဝန်ထမ်းနှင့် မှီခိုမိသားစုများအား ကိုရီးယားဆန် ထောက်ပံ့ပေးသည်။ တံတားဦးမြို့နယ်အနေဖြင့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် လူနေအိမ်အဆောက်အဦ လုံးဝပြိုကျပျက်စီး ၈၁၆ လုံး၊ တစ်စိတ်တစ်ပိုင်း ၁,၀၄၅လုံး၊ ဘေးသင့်ပြည်သူ ၈,၇၈၇ဦး၊ ဝန်ထမ်း ၁၃၁ဦး၊ ဝန်ထမ်းမှီခိုသူ ၄၈၉ဦး၊ သေဆုံးသူ ၁၆၀ဦး၊ စာသင်ကျောင်း ၈၉ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၇၀ကျောင်း၊ ဆေးရုံ ၄ရုံ၊ ကျန်းမာရေးဌာန ၂၃ခု၊ ဌာနဆိုင်ရာရုံးပေါင်း ၉၀၊ အခြားအဆောက်အဦ ၁၃၄ခုတို့ ပျက်စီးခဲ့ပါကြောင်း၊ မြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ ၉,၄၀၇ဦးအတွက် အာဆီယမ်+၃ အရေးပေါ်ဆန် အရန်ရိက္ခာ APTERR အစီအစဉ်နှင့် ကိုရီးယားထောက်ပံ့ဆန်(ဒုတိယအကြိမ်) ဝန်ထမ်းနှင့်မှီခိုသူများတွက် 40kg အိတ် ၁,၆၀၅အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)