စဉ့်ကိုင် ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့ နံနက် ၁၀နာရီခွဲက သင်္ဂတုံကျေးရွာရှိ "ဘဝအလင်းသစ်" စာကြည့်တိုက်၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်း ရတနာများပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များတိုးတက် လာစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာပြောဆို တတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စသည်တို့ကိုရည်ရွယ်ကာ ဟောပြောပွဲများ၊ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ လူကုန်ကူးမှုဆိုသည်မှာ ၊ လူကုန်ကူးခံရနိုင်သည့်အခြေအနေ၊ ဥပဒေပုဒ်မများနှင့်ပြစ်မှုပြစ်ဒဏ်များ၊ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောပြောသည်။
ထို့နောက် ပြိုင်ပွဲများကို ကျင်းပခဲ့ရာ အ.မ.က (သင်္ဂတုံ)မှ ပြိုင်ပွဲဝင်ကျောင်းသား/သူများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက်ဆုရရှိသော ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများအား စာကြည့်တိုက်လက်ထောက်-၃နှင့် တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံဘူး၊ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရပြီး တက်ရောက်လာသော ကျောင်းသား/သူများက မူးယစ်ဆေးဝါအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှု ခဲ့ကြကြောင်းသိရသည်။
ကျော်စွာ (စဉ့်ကိုင်)