ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေး၊ စားသုံးသူကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် မြန်မာ့တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို၊ ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီက မြို့မ မူလတန်းလွန် ကျောင်းတွင် ပြုလုပ်သည်။
ဦးစွာ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးက အပူရှပ်ဖျားနာခြင်းအကြောင်းနှင့်ဆောင်ရန်/ရှောင်ရန် နည်းလမ်းများ၊ လက်ရှိအိန္ဒိယနိုင်ငံတွင်ဖြစ်ပွားနေသည့် နီပါးဗိုင်းရပ်ကူးစက်မှုအကြောင်းများနှင့် ကာကွယ်ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်မြသန္တာထွန်းက ဆိုးဆေးပါသည့် စားသောက်ကုန်များနှင့် ဖြစ်ပွားတတ်သည့် ရောဂါများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို အသိပညာပေးဟောပြောကြရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၂၅၀ တက်ရောက် ကြသည်။ ယင်းနောက် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးနှင့်ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ ၆၅ ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ကျောင်းမုန့်ဈေးတန်းဆိုင်များတွင် ရောင်းချနေသည့် စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/ မရှိနှင့် တားမြစ်ထားသည့် ဆိုးဆေးပါစားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိတို့ကို ကျောင်းအုပ်ဆရာမကြီးနှင့်အတူ လှည့်လည်စစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေး အကြံပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)