ထားဝယ်မြို့၌ ကျောင်းပြင်ပ ပညာရေးသင်ယူနေသည့်ကျောင်းသူများအတွက် အခြေခံစက်ချုပ် သင်တန်းဖွင့်

ထားဝယ်  ဖေဖော်ဝါရီ ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးတို့ပူးပေါင်းဖွင့်လှစ်သော  ကျောင်းပြင်ပပညာရေးသင်ယူနေသည့် ကျောင်းသူများအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကျောင်းပြင်ပပညာရေးသင်ယူနေသည့် ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူဖြစ်စေမည့် အခြေခံစက်ချုပ်ပညာကိုလက်တွေ့သင်ကြားပေးနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊ မိသားစုဝင်ငွေတိုးတက်စေရန်နှင့် လူမှုဘဝမြင့်မားတိုးတက်လာစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ သင်တန်းအားဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသူများအား ပညာဆက်လက်သင်ကြားခွင့်များ ဆောင်ရွက်ပေးနေသလို လူမှုပတ်ဝန်းကျင်တွင်လည်း ၎င်းတို့၏ ဘဝရပ်တည်မှု အထောက်အကူပြုနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ကျောင်းပြင်ပပညာရေးကို သင်ယူနေသည့် ကျောင်းသား/သူ များအတွက် အသက်မွေးဝမ်းကျောင်းအတတ်ပညာသည် မိမိတို့ဘဝကိုပြောင်းလဲပေးနိုင်သော အဓိကသော့ချက်တစ်ခုဖြစ်ကြောင်း၊   အသက်မွေးဝမ်းကျောင်းအတတ်ပညာများ သင်ကြားခြင်းဖြင့် မိမိကိုယ်တိုင်ဆောင်ရွက်နိုင်သော လက်တွေ့ကျွမ်းကျင်မှုများ ရရှိနိုင်မည်ဖြစ်ပြီး မိမိကိုယ်ကိုယုံကြည်မှုမြင့်တက်လာမည်ဖြစ်ကြောင်း၊ မိမိတို့၏ အနာဂတ်ဘဝရည်မှန်းချက်များကို ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော်နိုင်သူများအဖြစ် တိုးတက်လာမှာဖြစ်သည့်အပြင်မိသားစု၊ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းနှင့်နိုင်ငံတော်အတွက်တန်ဖိုးရှိသောလူသားအရင်းအမြစ်များဖြစ်လာမည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သောအခြေခံစက်ချုပ်သင်တန်းသည် သင်တန်းသူများ၏ ဘဝတိုးတက်ရပ်တည်နိုင်ရေးအတွက် အကျိုးရှိသော သင်တန်းတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း  ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများပေးအပ်ပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူးဒေါ်ဆွေဆွေလင်းက  သင်တန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သင်တန်းခန်းမအား လှည့်လည်ကြည့်ရှုအားပေးပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

သင်တန်းတွင် ကျောင်းပြင်ပပညာရေးသင်ယူနေသည့် ကျောင်းသူ ၂၀ အား မတ် ၃ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)