လားရှိုး ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်၌ (၁၁) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သုခမင်္ဂလာဆင်းရွှေလီသာသနာ့ဗိမာန်တော်အတွင်း၌ ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။
ရှေ့ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ပန်အုပ်ကျောင်းတိုက် ဆရာတော်အရှင်သူမြတ်က ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာတော်ဖြင့် ဘုရားပင့်ခြင်းနှင့် ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များက ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို ရိုသေစွာနာယူခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ လှူဖွယ်ဝတ္ထုအစုစုတို့အား ဆရာတော်သံဃာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဓမ္မပါလကျောင်းတိုက်ဆရာတော်အရှင်သူမြတ်က ပဋ္ဌာန်းတရားနာကြားရန် နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်းနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ပဋ္ဌာန်းဒါယကာ၊ ဒါယိကာများက ပဋ္ဌာန်းပစ္စယုဒ္ဒေသ (၂၄) ပစ္စည်းကို သုံးကြိမ်သံပြိုင်ရွတ်ဆိုပူဇော်ပြီး အလှည့်ဘာဏကဆရာတော်အရှင်သူမြတ်က စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။
ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်၌ (၁၁) ကြိမ်မြောက် နေ့ညအသံမစဲမဟာပပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအား ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)