သုံးခွ ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အထက(၂)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်ရှိန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများအကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။ ယင်းနောက် မူလတန်းပြဆရာမ ဒေါ်သွယ်သွယ်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၉၁)ဦးတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဉ် ရပ်ကွက်နှင့်ကျေးရွာ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
စည်သူလင်း (ပြန်/ဆက်)