နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာအနီးရှိ ရုရှားတောင်သို့ သွားရောက်လည်ပတ်သူများဖြင့် ပိုမိုစည်ကားလျက်ရှိ

နမ္မတူ       ဩဂုတ်   

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာအနီးရှိ ရုရှားတောင်သို့ ရပ်ဝေး/ရပ်နီး လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘော်တွင်းကျေးရွာအနီးရှိ ရုရှားတောင်သို့ ရပ်ဝေး/ရပ်နီးမှ နေ့စဉ်လာရောက် လည်ပတ်သူ ပုံမှန် (၂၀၀)ခန့်မှ (၃၀၀)ခန့်အထိရှိပြီး ဇူလိုင်လ (၃၁)ရက်နေ့မှ ဩဂုတ်လ (၃)ရက်နေ့အထိ ရုံးအလုပ်ပိတ်ရက် (၄)ရက်အတွင်း လာရောက်လည်ပတ်သူ (၅၀၀၀)ဦးခန့် ရှိကြောင်း၊ ရုံးအလုပ်ပိတ်ရက်များတွင် လာရောက် လည်ပတ်သူများဖြင့် ပိုမိုစည်ကားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုသို့ ဘော်တွင်းကျေးရွာအနီးရှိ ရုရှားတောင်သို့ ရပ်ဝေး/ရပ်နီးမှ နေ့စဉ်လာရောက် လည်ပတ်သူများဖြင့် စည်ကားလျက်ရှိပြီး ကမ္ဘာကျော် ဘော်တွင်းသတ္တုတွင်းဒေသသို့ လာရောက်လည်ပတ်သူများရှိသဖြင့် ဒေသခံ ပြည်သူများအနေဖြင့် ပျော်ရွင်ကြည်နူး ဝမ်းသာမိကြောင်း၊ ခုလိုလာရောက် လည်ပတ်သဖြင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်နှင့် စာသောက်ဆိုင်များ ရောင်းအားကောင်းလာကာ အဆင်ပြေလျက်ရှိကြောင်း၊ အလုပ် အကိုင် အခွင့်အလမ်းအနေဖြင့် ကျားစခန်းဒေသရှိ ကမ္ဘာကျော်ခရုပတ်ကွေ့ရထားလမ်းသို့ သွားရောက် လည်ပတ်လိုသူများအား ဆိုင်ကယ်ကယ်ရီဖြင့် ပို့ဆောင်ပေးရပြီး ဆိုင်ကယ်တစ်စီးလျှင် အသွား/အပြန် ကယ်ရီခ (၅၀၀၀)ကျပ်နှုန်း ရရှိသဖြင့် ဒေသခံပြည်သူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

စည်ကားမှုများနှင့်အတူ ရုရှားတောင်ပေါ်၌ လာရောက်လည်ပတ်သူအချို့ စွန့်ပစ်ချန်ထားခဲ့သည့် အမှိုက်များ ကြောင့် ရုရှားတောင်၏ အလှအပကို မပျက်စီးစေရန်နှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးရည်ရွယ်၍ ဘော်တွင်းဒေသခံ ကိုဇော်ထူးအောင်နှင့် လူငယ်များအဖွဲ့မှ အမှိုက်များရှင်းလင်းခြင်း ဆောင်ရွက် နေကြောင်း၊ အမှိုက်များကင်းရှင်းဖို့ မိမိနှင့်အတူ အမှိုက်များ ယူဆောင်ကြပါစို့၊ စည်းကမ်းတကျ မိမိ အမှိုက်များအား အမှိုက်ပုံးသို့ ထည့်ကြစို့ အသိပညာပေး ဆောင်ပုဒ်များ စိုက်ထူထားရှိကာ အမှိုက်ပုံးများ ထားရှိပေးထားသဖြင့် ရုရှားတောင်သို့ လာရောက်လည်ပတ်သူများအနေဖြင့် စည်းကမ်းတကျ မိမိအမှိုက်များ အား အမှိုက်ပုံးထဲသို့ စွန့်ပစ်ပေးခြင်းဖြင့်လည်းကောင်း၊ မိမိနှင့်အတူ ပြန်လည်ယူဆောင်သွားခြင်း ဖြင့်လည်းကောင်း ရုရှားတောင်၏ အလှအပကို မပျက်စီးစေရန်နှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာစေ ရေး ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

အလားတူ လာရောက်လည်ပတ်သူများက နမ္မတူမြို့နယ်အတွင်းရှိ နမ္မတူသတ္တုသန့်စင် စက်ရုံ၊ မီးခိုးခေါင်းတိုင်၊ နမ္မတူ ဘူတာရုံ၊ သဲကွင်းနှင့် အိမ်စိမ်းအစရှိသည့် အထင်ကရနေရာများသို့ လာရောက်လည်ပတ်ကြသဖြင့် နမ္မတူမြို့နယ်အတွင်းရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်နှင့် စားသောက်ဆိုင်များ၊ ဓာတ်ဆီအရောင်းဆိုင် များ ရောင်းအားကောင်းလာပြီး တည်းခိုခန်းများလည်း လာရောက်တည်းခိုသူများဖြင့် အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။

လူမော် (ပြန်ဆက်)