ကိုကိုးကျွန်း ဖေဖော်ဝါရီ ၄
ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၄၅) မြို့နယ်တွင် ပါဝင်သောတစ်မြို့နယ်ဖြစ်သော်လည်း ရန်ကုန်မြို့မကြီးနှင့် ရေမိုင် (၂၄၀) ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးမှာ နေ့စဉ်ပြေးဆွဲနေသော သင်္ဘောခရီးစဉ်မရှိခြင်း၊ မြို့နယ်အတွင်း ပြင်ပမှဖွင့်လှစ်ထားသော ဆေးခန်းများမရှိခြင်း၊ မြို့နယ်အတွင်း ပြည်သူလူထုများမှာ ကျန်းမာရေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ပေးထားသော မြို့နယ်ဆေးရုံကိုသာ အားကိုးကုသနေရခြင်းကြောင့် မြို့နယ်အတွင်းနေထိုင်ကြသော သက်ကြီးဘိုးဘွားများအား အခမဲ့ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို လစဉ်လဆန်းနေ့တိုင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပထမဦးစွာ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သက်ကြီးဘိုးဘွားများနေထိုင်ရာသို့ အိမ်တိုင်ရာရောက် ကိုကိုးကျွန်းမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ဆေးရုံမော်တော်ယာဉ်ဖြင့် တစ်အိမ်တက်ဆင်းလိုက်လံခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ အခမဲ့ကျန်းမာရေးစစ်ဆေးပေးရာတွင် ကိုကိုးကျွန်းမြို့နယ်ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းဇော်ဦးဆောင်၍ သူနာပြုများ၊ အခြားအဆင့်ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများကို သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီချိုရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အခြားရောဂါများကို ပါစမ်းသပ်ပေးပြီး ရောဂါလက္ခဏာများအလိုက် လိုအပ်သည့် အားဆေးနှင့် အခြားလိုအပ်သည့် အားဆေး၊ အခြားလိုအပ်သည့် ဆေးဝါးများကိုပါ အခမဲ့ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
အဆိုပါသက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစစ်ဆေးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးညီညီစောနှင့် စီမံအဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး ဘိုးဘွားများနှင့် တစ်ဦးချင်းစီ၏ ကျန်းမာရေးကိုမေးမြန်းပြီး ဘိုးဘွား (၄၅) ဦးအား၊ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံမော်တော်ယာဉ်ဖြင့် သက်ကြီးဘိုးဘွားများ အိမ်ရောက်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို လစဉ်ပုံမှန်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)