ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

စစ်တွေ   ဖေဖော်ဝါရီ   ၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု စစ်‌ဆေးပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတက်ရောက်သည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဦးရဲကျော်သူကျောင်းတိုက် ဆရာတော်အား ဖူးမြော်ပြီး ကျောင်းတိုက်နှင့်သိမ်တော်ကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို လျှောက်ထားကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးရဲကျော်သူကျောင်းတိုက်ရှိ သကျမုနိသိမ်တော်ကြီးနှင့် ပင်မကျောင်းဆောင်အား ရှေးမူမပျက်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုကြရာ ရှင်းလင်းဆောင်၌ စစ်တွေတပ်နယ်မှ ဆောက်လုပ်ရေးတာဝန်ခံက သကျမုနိသိမ်တော်ကြီးနှင့် ပင်မကျောင်းဆောင်အား ပြုပြင်ပြီးစီးမှု၊ ပြုပြင်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှေးမူမပျက်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး၊ အချိန်မီပြီးစီးနိုင်ရေး စေတနာထားဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သကျမုနိသိမ်တော်ကြီး ပြုပြင်နေမှုအခြေ အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့‌နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မိဇံပန်းခြံသန့်ရှင်းသာယာလှပရေး၊ ပန်းခြံအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့မိ၊ မြို့ဖများက ပန်းခြံနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးညှိနှိုင်းကာ စနစ်တကျစီမံဆောင်ရွက် သွားကြရန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ခဝါသည်ချောင်း ဖြတ်ကူးတံတားတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော်ရုံးနှင့် ပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေး တက်ရောက်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးအကြံပြုတင်ပြချက် များအပေါ် ပြန်လည်ဆွေးနွေးပေးပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကုန်ဆုံးမည် ဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အမီဆောင်ရွက်နိုင်ရန် စနစ်တကျ ကြတ်မတ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန်ပြောကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း (ပြန်/ဆက်)ဓာတ်ပုံ- ဝင်းမင်းစိုး