ပြင်ဦးလွင် ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာငြိမ်းချမ်းက လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေ အနေများအား ပြောကြေားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာအိအိဖြိုးအောင်မှ ကာကွယ် ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများကအသေးစိတ်ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာနိုင်ငံတွင် တိုးချဲ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ၁၉၇၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုများ အထူးသဖြင့် ကလေးသူငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားမှုနှင့် သေဆုံးမှုကိုလျှော့ချရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါသည်။
ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းသည် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ကူးစက်ပျံ့ပွားမှုကို တားဆီးရန်နှင့် လျှော့ချရန်အတွက် အရေးပါသော အခန်းကဏ္ဍမှပါဝင်ပြီး ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးရရှိသူများကို ကာကွယ်ပေးသည့်အပြင် ရောဂါကူးစက်ပျံ့နှံ့မှုကို ဖြတ်တောက်ခြင်းအားဖြင့် လူထုတစ်ရပ်လုံးကိုပါ ကာကွယ်ပေးလျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲသည် ကာကွယ် ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို အဓိကရည်ရွယ်ချက် ၅ ခုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)