ပုသိမ် ဖေဖော်ဝါရီ ၄
(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာတွင် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများ ပက်ဖြန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ ကျေးရွာလျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့၊ ညောင်ပင်လေးဈေးသစ်ဖွင့်ပွဲအခမ်းသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့၊ ညောင်ပင်လေးဈေးသစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများထံသို့ ဈေးသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင် ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ဈေးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါဈေးသစ်သည် Steel Structure အမျိုးအစား၊ (၉၂ ပေ×၈၄ ပေ)တစ်ထပ်၊ (၆ ပေ×၆ ပေ) ဆိုင်ခန်းပေါင်း(၁၁၀)ခန်း ပါဝင်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ချောင်းဝကုန်းကျေးရွာနှင့် ပျဉ်ထောင်တွင်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ ကျေးရွာ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ လပွတ္တာ-ရှမ်းစု-ကျုံမငေးလမ်းပေါ်ရှိ တံတားအရှည် ၄၇၀ပေ ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။ အဆိုပါတံတားသည် တံတားအပေါ်ထည်နှင့် အောက်ထည်သံကူကွန်ကရစ်၊ အုတ်မြစ် R.C Bored Pile ၊ တံတားအရှည် ၄၇၀ပေ၊ ပင်မတံတာစခန်းဖွင့်(၇၀)ပေ(၅)ခန်း၊ ချဉ်းကပ်တံတားခန်းဖွင့် လပွတ္တာဘက်ကမ်း (၂၀) ပေ (၃) ခန်းနှင့် ကျုံမငေးဘက်ကမ်း (၂၀)ပေ (၃) ခန်း၊ ယာဉ်သွားလမ်းအကျယ်(၂၈) ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၁၂ )ပေနှင့် ရေလမ်းကင်းလွတ်အကျယ် (၅၆) ပေပါရှိမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)