ကရသူရိမြို့ အခြေခံပညာအလယ်တန်းကျောင်း၌ မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရသူရိ ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ပိုကောင်းဆီအုန်းကုမ္ပဏီ အခြေခံပညာအလယ်တန်းကျောင်း၌ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့သည် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၃ ရက်၊ မွန်းလွဲ ၂ နာရီက ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပိုကောင်းဆီအုန်းကုမ္ပဏီ၊ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက တောတောင် သဘာဝရေမြေများနှင့် သစ်တောများ ပျက်စီးထိခိုက်မှု လျှော့နည်းရေးဆိုင်ရာများနှင့်ပက်သတ်၍ အဖွင့်အမှာစကားပြောကြားသည်။    

ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလူးသယ်ရွှေက သစ်တော သစ်ပင်များအကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရာတွင် သစ်တောများ၏ အရေးပါရှိမှု၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ကာကွယ်စောင့်ရှောက်မှုနှင့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောသည်။

ထို့နောက်  ဦးစီးအရာရှိနှင့်အဖွဲ့သည် တက်ရောက်လာသူများ  အသိပညာဗဟုသုတရရှိရေး Video Clip များ ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် သိလိုသည့်မေးမြန်ချက်များအား ပြန်လည်ဖြေကြားခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံဂျာနယ်များနှင့် သစ်စေ့များ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၂၀၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)