ကြည့်မြင်တိုင်မြို့နယ် Community Centre ခန်းမ၌ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ကြည့်မြင်တိုင် ဖေဖော်ဝါရီ

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် Community Centre ခန်းမ၌ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြသည် တိုင်းရင်းသားခေါင်းဆောင်များ၏ အမည်များ၊ ပြည်ထောင်စုနေ့တွင် ကျင်းပသည့် ပွဲအခမ်းအနားများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)