မြိတ် ဖေဖော်ဝါရီ ၄
မြိတ်တက္ကသိုလ်၏ (၂၇)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝိဇ္ဇာဘာသာရပ်များနှင့် သိပ္ပံဘာသာရပ်များ၏ သုတေသန စာတမ်းဖတ်ပွဲနှင့် စာတန်းပိုစတာပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီခွဲက ပုလဲသစ္စာခန်းမတွင် ကျင်းပသည်။
စာတမ်းဖတ်ပွဲအား တက္ကသိုလ်ရင်ပြင်တွင် ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိနှင့် တာဝန်ရှိသူ များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပါမောက္ခချုပ်က သုတေသနသည် တက္ကသိုလ်၏ အသက်ဖြစ်သည့်အတွက် သုတေသနကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ မြိတ်ဒေသရှိ အရင်းအမြစ်များကို အခြေပြုပြီး အားသွန်ခွန်စိုက်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များ၏ ပြိုင်ပွဲဝင် စာတန်းပိုစတာများ ပြသယှဉ်ပြိုင်မှုအား ပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။ ယင်းနောက် သုတေသနစာတမ်းဖတ်ကြားရာတွင် စာတန်းရှင်များမှ ဝိဇ္ဇာဘာသာရပ်များ၏ သုတေသနစာတမ်း(၁၀)စောင်နှင့် သိပ္ပံဘာသာရပ်များ၏ သုတေသနစာတမ်း(၇)စောင်ကို ဖတ်ကြားကြမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )