နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ

အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် (၉) နာရီတွင် ကေတုမတီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင်ဦးစိုးတင့်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအသီးသီး၌ စီမံခန့်ခွဲမှုတာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာထမ်းများအား နိုင်ငံတော်၏ မူဝါဒလုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ကောင်းစွာသိရှိနားလည် သဘောပေါက်စေရန်၊ နိုင်ငံတော်၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာများကို သိရှိနားလည်စေရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို သိရှိပြီး စီမံခန့်ခွဲရေးလုပ်ငန်း တာဝန်ထမ်းဆောင်ရာတွင် ဥပဒေနှင့် အညီကျင့်သုံးလိုက်နာဆောင်ရွက်တတ်စေရန်၊ စီမံခန့်ခွဲရေးဆိုင်ရာ ခေတ်နှင့်လျော်ညီသော အယူအဆသစ်များကို လေ့လာသိရှိစေရန်နှင့် မိမိတာဝန်ယူရသည့် စီမံခန့်ခွဲအုပ်ချုပ်ရေးကဏ္ဍတွင် ဦးဆောင်နိုင်မှုစွမ်းရည်မြင့်မားလာစေရန်၊ နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ကာ နိုင်ငံတော်၏ အဆင့်မြင့်တာဝန်များကို အောင်မြင်စွာ သယ်ပိုးထမ်းရွက်နိုင်မည့် အနာဂတ်နိုင်ငံ့ဝန်ထမ်းကောင်းဖြစ်စေရေး ရည်ရွယ်လေ့ကျင့်ပေးမည့် သင်တန်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန်လိုကြောင်း နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆) ချက်ကို ဦးထိပ်ထားပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး (၃၀)၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ ပြုမူနေထိုင်ကြရမည်ဖြစ်ကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

အဆင့်မြင့်အရာထမ်းသင်တန်း၊ အမှတ်စဉ် (၂၈) အား --၂၀၂၆ ရက်နေ့မှ ၂၆-၃-၂၀၂၆ ရက်နေ့ထိ သင်တန်းသား (၂၂) ဦး၊ သင်တန်းသူ (၂၇) ဦး၊ စုစုပေါင်း (၄၉) ဦးဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သတင်းရရှိသည်။

ဆက်လက်၍ အဖွဲ့ဝင်ဦးစိုးတင့်သည် တက္ကသိုလ်အတွင်း ဖွင့်လှစ်လျက်ရှိသော သင်တန်းအိပ်ဆောင်များနှင့် တက္ကသိုလ်၏ အစည်းအဝေးခန်းမအတွင်း တာဝန်ရှိသူများအား တွေ့ဆုံမှာကြားခဲ့ကြောင်း သိရှိရသည်။

​အောင်မြင့် (ပြန်/ဆက်)