ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ ပညာရေးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်သည်။
ပြိုင်ပွဲမစတင်မီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ပြိုင်ပွဲစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ဖတ်ကြားရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲကို ကျင်းပရာ လွတ်လပ်ရေးရပ် ကွက် မူလတန်းလွန်ကျောင်း၊ လေးရွာ အ.ထ.က နှင့် မြို့မရပ်ကွက် မူလတန်းလွန်ကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူ ၁၃ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပထမဆုကို လေးရွာအ.ထ.ကမှ မအိမ့်ခြူးမြတ်(Grade-5)၊ ဒုတိယဆုကို မြို့မ မူလတန်းလွန်ကျောင်းမှ မသီရိရွှန်းဝေ(Grade-3)နှင့် တတိယဆုကို မြို့မမူလတန်းလွန်ကျောင်းမှ မဆည်းဆာခင် (Grade-3) တို့က အသီးသီးရရှိကြပြီး၊ ဆုများကို (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)