ဘိုကလေး ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ဖေဖော်ဝါရီ ၃ ရက်နေ့နံနက်(၈)နာရီခွဲ အချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပဆောင်ရွက်သည်။
စုံညီပွဲတော်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးနန်းထိုက်ကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/မများ၊ ကျောင်းသား/သူများ၊ မိဘများ စုံညီစွာ တက်ရောက်ကြပြီး ပညာရေးစုံညီပွဲတော်အား အ.ထ.က(၃) ဘိုကလေး ကျောင်းသား/ သူများက စုံညီပွဲတော်တို့နွှဲပျော် သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၁) ဘိုကလေး ကျောင်းသား/ သူများက ပညာရည်ချွန် သီချင်းဖြင့်လည်းကောင်း အသီးသီး သီဆို၍ ဖွင့်လှစ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ပညာရေးစုံညီပွဲတော်များကျင်းပခြင်းသည် ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားစုံညီ၍ ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည့်အတွက် ပညာရည်တိုးတက်မြင့်မားရေး ဆရာ၊ မိဘ၊ ကျောင်းသားအားလုံး အားတက်သရောပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးနန်းထိုက်ကျော်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကဏ္ဍပေါင်းစုံ၌ ထူးချွန်ခဲ့ကြသော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုများချီးမြှင့် ပေးအပ်ခဲ့ပြီး အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများကလည်း ဖျော်ဖြေရေးကဏ္ဍများဖြင့် တင်ဆက်ခဲ့ကြကြောင်းသိရသည်။
မိုးစက်(ဘိုကလေး)