တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဌာနပေါင်းစုံအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်

ထားဝယ်  ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တတိယအကြိမ်မြောက် ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲသည် ဌာနဆိုင်ရာအဖွဲ့အစည်းများအချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိရေး၊ ဝန်ထမ်းများအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာပျော်ရွှင်မှုရရှိပြီး အလုပ်ခွင်တွင်တက်ကြွစွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အလားအလာရှိသော ဖူဆယ်ဘောလုံးသမားများထွက်ပေါ်လာရေးနှင့် ဖူဆယ်ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာရေးတို့အတွက် ရည်ရွယ်၍ ကျင်းပသည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်ကြောင်း၊ ဖူဆယ်ဘောလုံးအားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်သည်မျိုးမဟုတ်ဘဲ မိမိဌာန၏ဂုဏ်၊ တိုင်းဒေသကြီး၏ ဂုဏ်၊ နိုင်ငံတော်၏ဂုဏ်ကို ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သောအားကစားသမားကောင်းများပေါ်ထွက်ရေးနှင့်သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွှတ်မှု၊ယဉ်ကျေးမှု၊ စည်းကမ်းကိုရိုသေ လိုက်နာတတ်မှုစသည့်အခြေခံကောင်းများကို အစွမ်းကုန်ဖော်ထုတ် ပြသရင်းအနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲကနေအရည်အချင်းရှိသည့် ဖူဆယ်ဘောလုံး အားကစားသမားများကို စိစစ်ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲကိုစေလွှတ်ယှဉ်ပြိုင် သွားမှာ ဖြစ်သောကြောင့် ဖူဆယ်ဘောလုံးအားကစားသမားများအနေဖြင့် တိုင်းဒေသကြီးလက်ရွေးစင်အဖြစ်ရွေးချယ်ခံရအောင် ကိုယ်စီကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် အနိုင်မခံအရှုံးမပေးသော အားကစားစိတ်ဓာတ်အပြည့် အဝဖြင့်ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန်လိုအပ် ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့်  တိုင်းဒေသကြီးပညာရေးအသင်းတို့၏ ယှဉ်ပြိုင်ရာ တိုင်းဒေသကြီးပညာရေးအသင်းက (၂)ဂိုး ( ၁) ဂိုးဖြင့် အနိုင်ရရှိသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုး သားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်း(၈)သင်းဖြင့် ဖေဖော်ဝါရီ (၁၁) ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

တိုင်းဒေသကြီး (ပြန်/ဆက်)