ကျောက်ဆည်မြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကျောက်ဆည် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်က မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန်၊ ကျေးလက်နေ ပြည်သူများ၏ လိုအပ်ချက်ကဏ္ဍများ ဖြည့်ဆည်းရာ၌ ပူးပေါင်းဆောင်ရွက်သွားကြစေရေး၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မီးသုံးစွဲရာ၌ ပေါ့ဆစွာမသုံးစွဲကြရန်နှင့် သက်ဆိုင်ရာ ဌာနများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း မီးဘေးအန္တရာကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ပြုလုပ်သွားကြရန်၊ အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲများ မကြာမီကျင်းပတော့မည်ဖြစ်သဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်၊ ရပ်ကွက်၊ကျေးရွာအတွင်း၌ သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်သွားမည့် အကြောင်းအရာများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)