လှိုင်သာယာ ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀) နာရီ၌ ကစင်ကျေးရွာ၊ ဉာဏ်ချောင်ကျေးရွာ ခရေ (၆) လမ်းရှိ စိန်ပိန်းမြိုင်ဓမ္မာရုံတွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါက်တာ၀င်းမြင့်သူ၏ ကြီးကြပ်မှုဖြင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမြှေးရောင် (၅) မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်အိခိုင်စံနှင့် အဖွဲ့၀င်များ၊ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး ကစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းလှိုင်စိုးနှင့် တာ၀န်ရှိသူများ လိုအပ်သည်များ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)