တောင်တွင်းကြီး ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ ရှေးဟောင်းသမိုင်း ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ (၁၁၉၆) နှစ်ပြည့် ဗုဒ္ဓပူဇနိယ (တပေါင်း)ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လယ် (၂)နာရီအချိန်က အဆိုပါ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကာ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေအင်းတောင်စေတီတော်မြတ်ကြီး ဂေါပကဥက္ကဋ္ဌ ဦးစံသိန်းက တောင်တွင်းကြီးမြို့ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး (၁၁၉၆) နှစ်ပြည့် ဗုဒ္ဓပူဇနိယ(တပေါင်း)ပွဲတော်ကြီးကို ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၅)ရက်နေ့မှ တန်ခူးလဆန်း (၈) ရက်နေ့အထိ (၁၉)ရက်တိုင်တိုင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စေတီတော်ကြီး၏ သြဝါဒစရိယဆရာတော်ကြီးများ၏ သြဝါဒအရ ဗုဒ္ဓ၊ ဓမ္မ၊ သံဃပူဇာ ပူဇော်ပွဲများဖြင့်သာ စျေးဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲ၊ ကြည့်ချင်ပွဲများ မပါရှိပဲ (အကျဥ်းကျုံးပြီး) ဆောင်ရွက်ကျင်းပသွားမည့်အခြေအနေများအားလည်းကောင်း၊ တပေါင်းလပြည့်ကျော် (၅)ရက်နေ့မှ (၇)ရက်နေ့အထိ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်ပူဇော်မည့် အသံမစဲမဟာပဋ္ဌာန်းဒေသတော်မြတ်ကြီး ရွတ်ဖတ်ပူဇော်မှု ဖွင့်ပွဲ၊ ပိတ်ပွဲများနှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပမည့်အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက လုံခြုံရေးအခြေအနေများ၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ သန့်ရှင်းရေးနှင့် စနစ်ကျသော ကျန်းမာရေးစောင့်ရှောက်များပေးနိုင်ရေးတို့နှင့်ပတ်သတ်၍ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)