ရန်ကုန် ဖေဖော်ဝါရီ ၅
ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ ရာပြည့်အကြို (၉၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လမ်းမတော်မြို့နယ်၊ မြို့မကျောင်းလမ်းရှိ တက္ကသိုလ်ဝန်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ၊ သင်ကြားရေးဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ အငြိမ်းစား ဆရာ/ဆရာမကြီးများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ဘွဲ့ကြို/ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားအား တက္ကသိုလ်မျက်ခင်းပြင်၌ ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက အမှာစကားပြောကြားရာ ယနေ့သည် ဤဆေးတက္ကသိုလ်ကြီး စတင်တည်ဆောက်ခဲ့ခြင်းသည် (၉၉)နှစ်ပြည့်တဲ့နေ့ဖြစ်ပြီး မကြာမီ (၂၀၂၇) ခုနှစ်၊ ဖေဖော်ဝါရီ (၂)ရက်နေ့တွင် နှစ်(၁၀၀)ပြည့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး အနောက်တိုင်းဆေးပညာကို ပထမဆုံး စတင်သင်ကြားခဲ့ပြီး နိုင်ငံအတွက် ဆေးပညာရှင် အမြောက်အများ မွေးထုတ်ပေးခဲ့သည့် ဘူမိလက်သံနေရာလည်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမှတ်တရဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆေးပညာသင်ကြားရေးသမိုင်းသည် ဆေးတက္ကသိုလ်(၁)မှ စတင်ခဲ့ခြင်းဖြစ်ပြီး အနောက်တိုင်းဆေးပညာဟာ (၄.၂.၁၉၀၇) ခုနှစ်ကစပြီး Burma Government Medical School အနေနဲ့စတင်ဖွင့်လှစ်ကာ Licentiate of Medical Practioner; (LMP) Course သင်တန်းအနေဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုဆေးတက္ကသိုလ်(၁) လမ်းမတော်အဆောက်အဦသည် (၁၉၂၇) ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် Medical College Building အနေဖြင့် HE Sir Harcourt Butler, Governor of Burma က စတင်အုတ်မြစ်ချခဲ့ပြီး (၁၉၂၉)ခုနှစ်မှာပြီးစီး၍ စတင်အသုံးပြုခဲ့ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် မိမိကိုယ်မိမိတို့ တန်ဘိုးထားပြီး နိုင်ငံတော်၏အခန်းကဏ္ဍအသီးသီးမှ ပါဝင်ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဆုရဆောင်းပါး၊ ကာတွန်း၊ ကဗျာ၊ နံရံကပ်စာစောင်များနှင့် ပြိုင်ပွဲများတွင် ဆုရှိခဲ့သူများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်းနှင့် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကြသည်။
၎င်းနောက် ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေက ကျေးဇူးတင် ဂုဏ်ပြု စကားပြောကြားခဲ့သည်။ ယနေ့အစီအစဉ်များအနေဖြင့် ဖျော်ဖြေရေးအစီအစဉ်များ၊ ဆေးတက္ကသိုလ်(၁) သမိုင်းကြောင်းနှင့်ပတ်သက်သည့် မှတ်တမ်းပြခန်းများ၊ ဆုရဆောင်းပါး၊ ကာတွန်း၊ ကဗျာ၊ နံရံကပ်စာစောင်များ ပြသထားသည့် ပြခန်းများအပြင် ဈေးရောင်းပွဲတော် (Funfair) အစီအစဉ်များဖြင့် စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)