ပျော်ဘွယ် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်၌ မန္တလေးမြေငလျင်ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သော ရွှေစေတီတော်ကြီးအား ဘက်စုံမွမ်းမံပြုပြင်ခြင်းနှင့် ထီးတော်သစ်တင်လှူပူဇော်ခြင်းမင်္ဂလာကို ဖေဖော်ဝါရီလ ၅ ရက် နံနက် ၈ နာရီခန့်က အဆိုပါစေတီတော်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ထီးတော်တင်ပွဲအခမ်းအနားကို နမောတဿသုံးကြိမ်းရွတ်ဆို၍ ဖွင့်လှစ်ပြီး ထီးတော်တင်မင်္ဂလာအခမ်းအနားသို့တက်ရောက်လာသည့် အလှူရှင်များ၊ ပြည်သူများက ပန်းစုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာသဘ ထံမှ (၉)ပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်ပြီး ဘုရားဒါယိကာ၊ ဒါယိကာမများမှ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်များနှင့် အရံစေတီရွှေထီးတော် ဘုံအဆင့်များအား သံဃာတော်အရှင်သူမြတ်များထံ ဆပ်ကပ်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဂုဏာစာရထံမှ အနုမောဒနာတရားများနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ ရွှေစေတီတော်အား ပန်းရထားဖြင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား ထီးတော်တင်လှူဒါန်းပြီး ရတနာရွှေမိုးငွေမိုးရွာသွန်းကာ သံဃာတော်အရှင်သူမြတ်များမှ စေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားပြုလုပ်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ထီးတော်တင်လှူပွဲ ပြီးမြောက်အောင်မြင်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)