ပုသိမ်ကြီးမြို့နယ် စွယ်လှကျေးရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများ ကျေးရွာတာဝန်ခံများထံ လုပ်ငန်းလွှဲပြောင်းပေးအပ်

ပုသိမ်ကြီး ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ မြို့နယ်အတွင်းရှိ ကျေးရွာများ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်း စွယ်လှကျေးရွာတို့ရှိ ကျေးရွာရေပေးရေးလုပ်ငန်းများကို ကျေးရွာတာဝန်ခံများထံ လုပ်ငန်းလွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါလုပ်ငန်းများကို ၂၀ ရက် ၇ လ ၂၀၂၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး၊ ၂၇ ရက် ၁ လ ၂၀၂၆ ခုနှစ်တွင် ပြီးစီး၍ စွယ်လှကျေးရွာ ရေပေးရေးလုပ်ငန်းတွင် ပေ ၄၀၀ စက်ရေတွင်း၊ ရေဂါလံ ၂၄၀၀ ဆံ့စင်မြင့်ရေစင်၊ ရေမြုပ်ပန့်တပ်ဆင်ခြင်း၊ မီးလိုင်းသွယ်တန်းခြင်း စသည့်လုပ်ငန်းများ အပါအဝင် ကျပ် ၄၃ ဒဿမ ၆၂ သန်းဖြင့် ကျေးရွာနေပြည်သူများ သောက်ရေ၊ သုံးရေများရရှိစေရေး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင်နှင့် ဝန်ထမ်းများသည် ကျေးလက်ရေပေးရေးလုပ်ငန်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများထံ လုပ်ငန်းလွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ရေစက်မောင်းနှင်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို (ပြန်/ဆက်)