အောင်မြေသာစံ ဖေဖော်ဝါရီ ၅
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၅ ရက် နံနက် ၁၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တတိယအကြိမ်တိုင်းဒေသကြီးလွှတ်တော်၊ ပထမအကြိမ် ပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်၊ ပထမအကြိမ်ပုံမှန်အစည်း အဝေးကို မတ်လ ဒုတိယပါတ်ဝန်းကျင်တွင် ကျင်းပမည်ဟု ယူဆရကြောင်း၊ တက်ရောက်လာကြမည့် လွှတ်တော်ကိုယ်စားလှယ်များ၏ နေထိုင်ရေး၊ သွားလာရေး၊ စားသောက်ရေးကိစ္စများအဆင်ပြေစေရေးအတွက် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြရာကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ညှိနှိုင်းပေးကြပြီး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)