ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ရေကူးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

အမရပူရ  ဖေဖော်ဝါရီ 

အမရပူရမြို့နယ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ရေကူးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းရှိ My Pool ရေကူးကန်တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ရေကူးပြိုင်ပွဲတွင် (အမျိုးသား၊အမျိုးသမီး) အလွတ်ကူးပြိုင်ပွဲ၊ ပက်လက်ကူးပြိုင်ပွဲ၊ ဖားကူးပြိုင်ပွဲ၊ လိပ်ပြာကူးပြိုင်ပွဲနှင့် အလွတ်ကူးလက်ဆင့်ကမ်းပြိုင်ပွဲများကို ကျင်းပရာ ပြိုင်ပွဲဝင် အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုအား ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မော်မော်စိုး၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ရေကူးအားကစားဆပ်ကော်မတီဝင်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာအားပေးကြည့်ရှုကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဒေါက်တာခင်မြတ်မာ(ပါမောက္ခ၊ဌာနမှူး)က ကူညီဆောင်ရွက်ပေးပါသော ရေကူးပြိုင်ပွဲဒိုင်လူကြီးများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။ ထို့နောက် မန္တလေးတိုင်းရေကူးနည်းပြ ဦးအောင်ဇော်ဖြိုး(Hotel Mandalay Swimming Club)၊ ဒေါက်တာဒေါ်သန်းအေး(ပါ‌မောက္ခ၊ဌာနမှူး)၊ ဒေါက်တာနှင်းမင်းစိုး(ပါမောက္ခ၊ဌာနမှူး)၊ ဒေါက်တာစန္ဒာဦး(ပါမောက္ခ၊ဌာနမှူး) တို့က အလွတ်ကူးပြိုင်ပွဲ၊ ပက်လက်ကူးပြိုင်ပွဲ၊ ဖားကူးပြိုင်ပွဲနှင့် လိပ်ပြာကူးပြိုင်ပွဲများအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရ အားကစားသမားများအား တစ်ဦးချင်းဆုများနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မော်မော်စိုးက အလွတ်ကူးလက်ဆင့်ကမ်းပြိုင်ပွဲများတွင် ပထမဆုရ စီးပွားရေးပညာ၊ စိတ်ပညာ၊ သတ္တဗေဒဘာသာရပ်တို့ဖြင့် စုဖွဲ့ထားသည့် အသင်းအားလည်းကောင်း၊ ဒုတိယဆုရ ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်တို့ဖြင့် စုဖွဲ့ထားသည့် အသင်းအားလည်းကောင်း၊ တတိယဆုရ နိုင်ငံတကာဆက်ဆံရေးပညာ၊ သင်္ချာဘာသာရပ် တို့ဖြင့် စုဖွဲ့ထားသည့် အသင်းတို့ကို တစ်ဦးချင်းဆု၊ ငွေသားဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)