တာမွေ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းအချိန်က အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက ခန်းမအတွင်း ပြသထားသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ ဆက်လက်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးက တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများနှင့်ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပြည်ထောင်စုကြီးအတွင်း မြန်မာတိုင်းရင်းသားလူမျိုး ညီအစ်ကိုမောင်နှမများ အချင်းချင်းချစ်ကြည်ရင်းနှီးစွာ အေးအတူပူအမျှ လက်တွဲနေထိုင်သွားကြရန်နှင့် ခိုင်မြဲသည့် ပြည်ထောင်စုစိတ်ဓာတ် တည်ဆောက်နိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါ အသိပညာပေးဟောပြောပွဲ၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။
ထက်တံခွန် (ပြန်/ဆက်)