သုံးခွ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ရှိ ကျေးရွာအများစုတွင် ဆောင်းနေကြာစိုက်ခင်းများ စိုက်ပျိုးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ဆောင်းနေကြာစိုက်ပျိုးမှုကို နိုဝင်ဘာလမှ စတင်ကြဲပက်စိုက်ပျိုးကြကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာကို ယခင်က စိုက်ပျိုးသူနည်ပါးသော်လည်း ယခုအခါ စားသုံးဆီဖူလုံရေး၊ မိသားစုအပိုဝင်ငွေရရှိရေးအတွက် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နေကြာသီးနှံကို သီးထပ်၊ သီးညှပ်စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးထဲ စိုက်ပျိုးကြသည်များလည်းရှိကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးခြင်းအား နိုဝင်ဘာလမှ စတင်ကြဲပက်စိုက်ပျိုးကြကြောင်း၊ နေကြာသက်တမ်း(၉၅)ရက်ကြာလျှင် ရင့်မှည့်ခူးဆွတ်ကြရပြီး ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးကောင်း၊ မျိုးသန့်များကို တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများလက်ဝယ်အရောက် နေကြာမျိုးစေ့များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ဆောင်းနေကြာကို သုံးခွမြို့နယ်ရှိ မဟာမိတ်ကျေးရွာ၊ ကြုံကြိတ်ကျေးရွာ၊ စံပယ်ချောင်ကျေးရွာနှင့် မင်းရွာအသင်းကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ဆောင်သီးနှံနေကြာ (၂၂၁)ဧကကျော် စိုက်ပျိုးထားရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာနှင့်သွင်းအားစုများကို လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံမှသိရသည်။ ဆွတ်ရိတ်သိမ်းချိန်တွင် နေကြာအောင်စေ့များရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း မဟာမိတ်ကျေးရွာနေ ဆောင်းနေကြာစိုက်ပျိုးတောင်သူ ဦးအောင်မြင့်သိန်းက ပြောကြားခဲ့သည်။
စည်သူလင်း (ပြန်/ဆက်)